ပေါက်ကရ ကောက်စားသည့် စိန်တုံးကြီး ။

6 01 2010

စိန်တုံးကြီးများ အကြောင်းလည်း နှစ်သက်ကြသည် ကြား၍ ဝမ်းသာရသည်။ အရင် `ဒါစိုးရိမ်စရာလား´ တော့ ရတာသိုက် အုပ်စုက လုံးချင်းစီစဉ်နေတာ တော်တော် ခရီးရောက်နေပြီ ဆိုပဲ။ စိန်တုံးကြီးလည်း ဆက်ထုတ်မည်တဲ့။ ဖြည်းဖြည်းပေါ့။ အေးအေးဆေးဆေး ခပ်ရှည်ရှည်လေး ရေးပါရစေဦးဟု ပြောထားသည်။

အမှန်ကတော့ ဒေါက်တာရဲလည်း အလုပ်ရှုပ်နေတာပါ။ မန္တလေးရောက်လာတာ တစ်လကျော်ပြီဆိုတော့ သည်က ဘွဲ့လွန်သင်ကြားရေး ကိစ္စတွေများတွင် ရင်ညွန့်လောက် နစ်နေပြီ။ စာသင်တာက တစ်သက်လုံး ဝါသနာပါခဲ့၊ စာသင်ကောင်းပါသည် ဆိုသည့် နာမည်လည်း ရခဲ့ပေမယ့် ဘွဲ့လွန်ကျောင်းသားက နောက်ဆုံးနှစ် ဆေးကျောင်းသား စာသင်သလို ဖုတ်ဖက်ခါထသွားပြီး သင်လို့မရ။ စာဖတ်ရသည်။ အင်တာနက်လည်း ဝင်ရသည်။ မှတ်စု ထုတ်ရသည်။ မျက်မှန်ပါဝါ ပြန်တက်လောက်အောင် ကွန်ပျူတာရှေ့ ထိုင်ရသည်။ သည်တော့ စာရေးဖို့ အချိန်က နည်းလာသည်။ `လင်္ကာရည်ကျော်´ ကိုလည်း ဒီနည်းတဲ့ အချိန်တွေထဲကပဲ ဖဲ့ပေးရသေးသည်။ ဝထ္ထုတိုတွေက စိတ်ပါမှ ကောက်ရေးလို့ ဖြစ်သည်။ (ဒါတောင် စိတ်က အမြဲပါနေ တာပါပဲ။) Family က ဒုတိယမြောက် အခန်းဆက်ဝထ္ထုရှည် `ဒေါက်တာရွှေသွေး နှင့် မပန်းဝတ်မှုန်´ ကို ပန်းချီဆရာ မီအောင်၊ တစ်လ မပြတ်သွားရအောင် အမီရေးရသည်။ ဒေါက်တာရဲကတော့ အခန်းဆက် လစဉ်ဆောင်းပါး ယူထားမိတာက မဂ္ဂဇင်းလေးစောင်၊ အပတ်စဉ် ခေါင်းညိတ်မိတာက ဂျာနယ် တစ်စောင်ဆိုတော့ အမြဲလောတာ ခံနေရတော့သည်။

ဆရာဝန် အပေါင်းအသင်းတွေနှင့် ဆုံတိုင်း မေးနေကျ စကားက `ခင်ဗျား ဘယ်အချိန် စာသွားရေးလဲ´ ဟူ၏။
ဒေါက်တာရဲ အဲဒါကြောင့် ဂေါက်မရိုက်တော့တာပါ။ ဒေါက်တာ အောင်ကျော်မြင့်၏ `ကျွန်တော် ဒေါက်တာ ဂေါ့လဖာ´ ဆောင်းပါးများကိုတော့ နှစ်သက်စွာ မှန်မှန် စောင့်ဖတ်သည်။ (ရယ်ရတာကိုး)။ သူ့ဘဝက ပျော်စရာကြီးဟု အားကျသည်။ ကိုယ်ကတော့ ကိုယ့်ဘဝနှင့်ကိုယ် ပျော်စရာ recreation တွေကို အချိန်သတ်သတ် မပေးနိုင်သဖြင့် စာရေးတာကိုပဲ recreation အဖြစ် သဘောထာရသည်။အပျော်နှင့်ရေးတော့ စာတွေက ပေါ့ပေါ့ပါးပါးနှင့် ဖြစ်ကုန်သည်။ ဒါကိုပဲ `သည်စတိုင်´ ကို သဘောကျသည် ပြောကြမှ တော်ပါသေးရဲ့ဟု `ဟင်း´ ချရသည်။ အရင်လက ပြဿနာရှာသည့် စိန်တုံးကြီးများ အကြောင်း ရေးခဲ့တော့ သည်လ တစ်ဆက်တည်းဖြစ်အောင် `ပေါက်ကရလုပ်သည့် စိန်တုံးကြီးများအကြောင်း´ ရေးပါရစေ။

ယခင်လက ဆောင်းပါးတွေ မဖတ်ဖူးသူတွေ အတွက်ကတော့ စိန်တုံးကြီးဆိုသည်မှာ ကျွန်တော့ အစ်ကိုကြီးသဖွယ် ချစ်ခင်လေးစားရသော ပါမောက္ခ ဦးဖေသက်ခင် (ဌာနမှုး၊ ကလေးကျန်းမာရေး ပညာဌာန၊ မန္တလေးဆေးတက္ကသိုလ်)က သူ့သား(ယခု ဆေးကျောင်းသား) အသက် တစ်နှစ်မှ သုံးနှစ်အရွယ်တုန်းက နောက်မှ တစ်ချိန်လုံး လိုက်ဆွဲနေရသဖြင့် `လက်လက်ထ´ နေသည်ဆိုသောစကားကို ကိုယ့်ကလေးအား မပြောရက်သဖြင့်`စိန်တုံးကြီး´ဟု တင်စားခေါ်ဝေါ်ရာက ကျွန်တော်က သဘောကျပြီး အသက်တစ်နှစ်ကျော်၊ တတောက်တောက် ပြေးသည့် အရွယ်မှစ၍ ကျောင်း၊ မူကြိုမတက်ခင် အရွယ်အထိ ကလေးများကို ကင်ပွန်းတပ် လိုက်တာပါ။ အင်္ဂလိပ် ဝေါဟာရမှာတော့ Toddler ဆိုတာရှိပြီး မြန်မာစကားလုံး သတ်သတ်ရှာ မတွေ့သေးလို့ပါ။

ပေါက်ကရ ကောက်စားသည့် စိန်တုံးကြီး
အသက် ၆ လ အရွယ်မှစ၍ တစ်နှစ်ကျော်ကျော် အရွယ်အထိ ဘယ်ပစ္စည်း ဘယ်အရာဝထ္ထုကိုမဆို ပါးစပ်ထဲ ကောက်ထည့်သည့် နည်းဖြင့်သာ စူးစမ်း လေ့လာတတ်သည့် ကလေး တစ်ယောက်ကို စားစရာမဟုတ်တာ ပါးစပ်ထဲကိုထည့်၍ ဘယ်သူမှ အံ့သြ စိတ်ပူကြမည် မဟုတ်ပါ။ အသက် သုံးနှစ်သားလေး တစ်ယောက်က ခေါက်ထားသည့် ကော်ဇော၊ လွင့်ပစ်ထားသည့် စက္ကူလုံး အစရှိသည်တို့ကို ကိုက်ဝါးနေလျှင်တော့ ကိုယ့်ကလေး စိတ်များ ဖောက်ပြန်သွားပြီလား ဟုဆိုကာ စိတ်ပူကြမည် အမှန်ပင်။

အန္တရာယ်ရှိလားဟု မေးရင်တော့ သူ ကောက်ဝါးသည့် ပစ္စည်းပေါ် မူတည်ပါသည်ဟု ပြောရမည်ပင်။ ကောက်ဝါးသည့် အရာက လည်ချောင်းထဲဝင်လျှင် တစ်ဆို့နေတတ်သည့် ပြဿနာအကြောင်းလည်း ကျွန်တော်ရေးခဲ့ ပြီးပြီ။ စိန်တုံးကြီးတစ်တုံး ကိုယ့်အိမ်မှာ ရှိနေလျှင် စစ်သူကြီးတစ်ယောက် စစ်ပြင်ဆင် နေသည်ကို လှည့်လည် ကြည့်ရှုစစ်ဆေးသလို ကိုယ့်အိမ်ကိုယ် လှည့်ပတ်ကြည့်ရှုစစ်ဆေးပြီး ကလေးအတွက် အန္တရာယ်ကင်းသော ပတ်ဝန်းကျင် ဖြစ်အောင် ကြိုတင်ပြင်ဆင် ထားရမည်ဟုကျွန်တော်ရေးဖူးပါသည်။

သည်တစ်ခေါက် ဆွေးနွေးချင်သည်က ဘာလို့ သူတို့အဲဒီလို လုပ်ကြသလဲ ဆိုတာပါ။ ဒါ… စိတ်ရောဂါမဟုတ်ပါ။ ဘာသတ္တဝါမှ ဝင်စားလို့လည်း မဟုတ်ပါ။ သူ့အရွယ်နှင့်သူ ဖြစ်တတ်တာမျိုးပါ။ ကလေးတိုင်း မဟုတ်ပေမယ့် တချို့လုပ်တတ်ပါသည်။

သူတို့စိတ်ထဲမှာ တစ်ခုခု တင်းကျပ်လာသည့်အခါ၊ ပတ်ဝန်းကျင်တွင် အပြောင်းအလဲတွေ များလွန်းနေသဖြင့် သူတို့စိုးရွံ့လာသည့်အခါ သူတို့ စိတ်ထဲက ခံစားချက်ကို ပါးစပ်နှင့် ပြည့်ပြည့်စုံစုံ ပြောမပြတတ်သည့် အရွယ်မို့ ဟန်ပန်အမူအရာနှင့် ပြကြတာပါ။

ဒေါ့ဖ်ဘယ်ရီ အမည်ရှိ ပုဂ္ဂိုလ်က `လူဟာ တစ်သက်မှာ တစ်သက်မှာ တစ်ခါပဲ ငယ်ရွယ်နုပျို နိုင်ပါတယ်။ မပြည့်ဝတာ၊ မရင့်ကျက်တာကတော့ တစ်သက်လုံးလည်း ဖြစ်ချင်ဖြစ်တာပါပဲ´ ဟု ပြောဖူးပါသည်။ လူကြီးတွေ ခဲတံ ကိုက်နေတတ်တာ မြင်ဖူးပါသလား။ ကျောင်းနေသည့်အရွယ်၊ ကလေး ခပ်ကြီးကြီးတွေ ကိုယ့်ဘာသာကိုယ် လိမ်လိမ်ဆွဲနေတာ မြင်ဖူးပါသလား။ အဲဒါတွေက စိတ်တင်းကျပ်လို့ လုပ်နေကြတာပါ။ ကျောင်းမနေသေးတဲ့ အရွယ်ကလေးက ကော်ဇောကြီး ကိုက်ဝါးနေတာ အဲဒါတွေနဲ့ သဘောချင်း အတူတူပါပဲ။ ရှားရှားပါးပါး သံဓာတ် ချို့တဲ့သည့် ကလေး တစ်ချို့လည်း လုပ်တတ်ပါသည်။

ခေါင်းကို တစ်ခုခုနှင့် ဆောင့်ဆောင့်ပစ်တတ်သည့် စိန်တုံးကြီး ဒါလည်း ပုံမှန်ဖြစ်နိုင်ပါသည်။ အသက် ၆ လခန့်က စတတ်ပါသည်။ ၂ဝ ရာခိုင်နှုန်းသော ကလေးတို့က ကိုယ်ကို လှုပ်စိလှုပ်စိ လုပ်နေတတ်ပြီး ၆ရာခိုင်နှုန်းသော ကလေးတို့က ခေါင်းကို ဆောင့်ဆောင့်ပစ်တတ်ပါတယ်။ များသောအားဖြင့် သူ့ကိုယ်သူ တကယ် ထိခိုက် နစ်နာသွားအောင်၊ ဥပမာ ခေါင်းထဲက ဦးနှောက်ကို ထိခိုက်သွားလောက်အောင် သူတို့ မဆောင့်တတ်ကြပါ။ အဲသလောက် ပြင်းထန်အောင် ဆောင့်ဆောင့်နေတတ်သည့် ကလေးဆိုလျှင် ပုံမှန်မဟုတ်ပါ။ ကလေးစိတ်ပညာရှင်နှင့် တိုင်ပင်ရပါမည်။ ကျန်ကလေးတွေကတော့ မူကြိုတတ်သည့် အရွယ်လောက်တွင် သူ့ဟာသူ ပျောက်သွားကြပါသည်။ ခန္ဓာကိုယ်ကို လှုပ်လှုပ်စိစိ လုပ်တတ်ကြသည့် ကလေးများကတော့ အိပ်ပျော်ခါစ သို့မဟုတ် နိုးခါစတွင် လုပ်တတ်ပါသည်။ စိုင်းစိုင်းခမ်းလှိုင် သီချင်း ကြားလျှင်လည်း လှုပ်ကောင်းလှုပ်ပါ လိမ့်မည်။ အသက်ကြီးလျှင် များသောအားဖြင့် သုံးနှစ်ခန့် ရောက်လျှင် ငြိမ်သွားတတ်ပါသည်။ သီချင်းနှင့် လှုပ်တာကတော့၊ အင်း…သိကြတဲ့အတိုင်း…။

လက်သည်းကိုက်သည့် စိန်တုံးကြီး
ဘာ…စိန်တုံးကြီးအမေ ကရော ကိုက်သတဲ့လား။ ဒါဆိုရင်တော့ ဒေါက်တာရဲလည်း မကယ်နိုင်ပါ။ အစတည်းက ဒီလက်သည်းက ဘာလို့ ထားရသေးသလဲ။ ဒေါက်တာရဲကတော့ ကလေးအမေတွေ လက်သည်းရှည် အလှမွေးတာတွေ တွေ့တိုင်း (လှလှပပ) ဆူသည့်သူပါ။

လက်သည်းအောက်က မမြင်ရသော ကြေး(ဂျီး)တွေထဲမှာ သန်းဥတွေ၊ ဝမ်းလျှောရောဂါပိုးတွေ ရှိနေနိုင်တာ မကြောက်ဘူး၊ မရွံ့ဘူးထား…။ ခြစ်မိမှာ၊ ရှမိမှာတော့ ကြောက်သင့်ပါသည်။ HIV ရောဂါပိုး၊ အသည်းရောင် ဘီ၊ စီ အစရှိသော ပိုးများ မိမိ ပတ်ဝန်းကျင်နှင့် မိမိ ကလေး၏ ပတ်ဝန်းကျင်တွင် အမြဲရှိနေတတ်ပါသည်။

ခြစ်ရာ၊ ရှရာ၊ အစင်းကြောင်း တစ်စုံတစ်ရာမှ မရှိသော အရေပြားသည် အားအကိုးရဆုံး ခံတပ်ကြီးပါ။ မျက်စိ၊ နှာခေါင်းနေရာများရှိ အသားနုများပေါ်သို့ ထိုပိုးများ ထိတွေ့ပါက ခန္ဓာကိုယ်ထဲ ဝင်သွားနိုင်ပါသည်။ အရေပြားပေါ် ထိတွေ့ချိန်တွင် အရေပြားမှာ ခြစ်ရာ၊ ရှရာလေးများ ရှိနေပါကလည်း ဝင်သွားနိုင်ပါသည်။ ကိုယ့်လက်သည်းက ကိုယ့်လက်ချောင်း အပြင် ကျွံထွက်နေသူက ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ကလေးနှင့် ကိုယ့်ယောက်ျားကိုပါ ခြစ်မိ၊ ရှမိ လုံးဝ မဖြစ်နိုင်ဟု ဘယ်လိုလုပ် အာမခံနိုင်ပါမည်နည်း။ ကံမကောင်းလျှင် အမေ့ပေါင်ပေါ်မှာ ငိုနေသော ကလေးကို လုစမ်းရင်းက ကလေးအထူးကု ဆရာဝန်လည်း အမေ့လက်သည်း အကြိမ်ကြိမ် ရှဖူးပါတယ်။

ထားပါတော့လေ…။ လက်သည်းရှည် ဆန့်ကျင်ရေးသမား ဆိုတော့ ကြုံတိုင်းရေးမိတာပါ။

ကလေးတွေ လက်သည်း ကိုက်တာကတော့ သူတို့ စိတ်လေးတွေ ပင်ပန်းနွမ်းနယ်နေလျှင် ကိုက်တတ်ပါသည်။ ထိပ်လန့်နေလျှင်လည်း ကိုက်တတ်ပါသည်။ ပျင်းရိ ငြီးငွေ့နေလျှင်လည်း လုပ်တတ်ပါသည်။ အဲဒါတွေ ဖြစ်နေလျှက်နှင့် တွေ့ကရာ ကောက်ဝါးတာနှင့် ခေါင်းကို တစ်ခုခုနှင့် မဆောင့်တတ်တာကတော့ ကျေးဇူးတင်စရာ။

ပျောက်စေချင်ရင်တော့ ဒီနည်းလမ်းတွေထဲက တစ်ခုခုနှင့် စမ်းကြည့်ပါ။

(၁) လက်သည်းကိုက်တာထက် ဘေးကင်းသည့် လုပ်စရာ တစ်ခုခုပေးထားပါ။ ဥပမာ ညှစ်လိုက်လျှင် တကွိကွိမြည်သည့် ရာဘာဘောလုံးပေးထားတာမျိုး။
(၂) လက်သည်း ကိုက်မိမည် ကြံတိုင်း တစ်ကနေ တစ်ဆယ်ထိ ရေတွက်ခိုင်းပါ။
(၃) လက်သည်း ကိုက်မည်ဆိုလျှင် သူ့အခန်းလေးထဲမှာပဲသူ သွားနေစေပြီး ပေးကိုက်တာမျိုး စမ်းကြည့်ပါ။
(၄) လက်သည်းကို လှလှလေး ဆိုးထားပေးပါ။ (မိန်းကလေးများ အတွက်ပါ။ ဆရာက လက်သည်းရှည် မှပေးမထားဘဲ…ဟု ကြုံတုန်း ဆင်ခြေမတတ်ပါနှင့်။ လက်သည်းက မရှည်လည်းဆိုးလို့ ရပါသည်။ အသက် ၄ဝကျော် ယောက်ျားကြီးတစ်ယောက်၏ ယူဆချက်ကို စိတ်ဝင်တစား နားထောင်ချင်ပါသည် ဆိုလျှင်တော့ ကလေးတွေပဲဖြစ်ဖြစ်၊ မိန်းမပျိုလေးတွေပဲ ဖြစ်ဖြစ်၊ လက်သည်းလေး သန့်သန့်ရှင်းရှင်း ထားရုံပဲ ဖြစ်ဖြစ် ပေါလစ်တင်တင်၊ ဆေးဆိုးဆိုး၊ ပန်းဖော်ဖော် လှသည်ဟု ထင်တတ်ကြပါသည်။ ရှည်စရာ မလိုပါ။)

လက်မ စုပ်သည့် ကလေး
ဒါက အခက်ဆုံး ပြဿနာ ဖြစ်ကောင်းဖြစ်မည်။ ဒေါက်တာ အေရီဘရောင်းကတော့ လက်မစုပ်သည့် ပြဿနာကို လက်မရှိနေသရွေ့ မလုပ်အောင်လုပ်သည့်နည်း မရှိဟု ဆိုသည်။ လက်မစုပ်တော့ လက်သည်းကြားက ပိုးမွှားတွေစုပ်သည့် ပြဿနာကလည်း ရှိနေမည်ပင်။ သို့ပေမဲ့ မတတ်နိုင်တာက ဘာပဲဖြစ်ဖြစ် မတတ်နိုင်တာပဲ။ သတင်းကောင်းကတော့ သူငယ်တန်း စတတ်ချိန်လောက်တွင် သည်အကျင့် အလိုလို ပျောက်သွားတတ်ပါသည်။

စိန်တုံးကြီးဆိုသည့် နာမည်ကိုက လက်လက်ထနေလို့ ပေးတာပါ။ သည်တော့ စိန်တုံးကြီးတွေ ပေါက်ကရ လုပ်သမျှသာ ရေးရလျှင် သည်တစ်လနှင့်တော့ မပြီးနိုင်။

ယခင်လက ရေးသလိုပင် ကိုရီးယားမင်းသား၊ မင်းသမီးအကြောင်းတို့၊ အလှအပရေးရာတို့ နေရာပေးရ ဦးမည်။ လင်္ကာရည်ကျော်ကတော့ ယခင်လက ပါပြီးပြီမို့ ဒီဇင်ဘာကျမှ နေရာပေးရမည် ကြားသည်။

ဒီတစ်လတော့ နားပါရစေဦး။ ရှေ့လကျမှ သည့်ထက် ထူးဆန်းတာလေးတွေ ရေးပါဦးမည်။ စာဖတ် ပရိတ်သတ် မိဘများက ရေးစေချင်တာ ရှိရင်လည်း Perfect က တဆင့် တောင်းဆို နိုင်ပါသည်။

စိန်တုံးကြီးများ ဘဝ လှပကြပါစေ။

ဒေါက်တာရဲ (ကလေးအထူးကု ဆရာဝန်)

Credit To : perfectmagazine


Actions

Information

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s




%d bloggers like this: