အဖု၊ အကျိတ်၊ အထုံးလေးများ ။

6 01 2010

ဒါစိုးရိမ်စရာလား အဖု၊ အကျိတ်၊ အထုံးလေးများ
“ဆရာ့စာထဲမှာတော့ စိုးရိမ်စရာ မဟုတ်ဘူးလို့ ရေးထားတာ ဖတ်ရပါတယ်ဆရာ။ ဒါပေမဲ့ အဘွားက ဆရာကိုယ်တိုင် ကြည့်ပြီး ဆုံးဖြတ်မှ စိတ်အေးမယ်လို့ ပြောနေလို့ပါ”

ဒါတွေလည်း မကြာခဏ တွေ့ဖူးသည်။ ယခုတော့ ဘာမှ မတတ်နိုင်။ ဆရာလည်း အဝေးရောက်နေပြီ။ ဆရာရောက်နေတဲ့ အရပ်မှာက `စိုးရိမ်တတ်သူ` တွေ သိပ်မရှိ။`မြန်မာဆေး` ကလေးအား ခွံခွံနေရာက မသက်သာမှ ခေါ်လာကြတော့ အသည်းအသန် ဖြစ်မှ ကြည့်ရတာများသည်။`ဂေါ်မုတ္တ` ခွံကြည့်တာ မသက်သာလို့ ဆရာဆီ ခေါ်လာတာဆိုတဲ့ လူနာလည်း တွေ့ဖူးသည်။ ခက်တာက `ဂေါ်မုတ္တ` ဘာဆိုတာ ကျွန်တော်ကမသိ။ ခါတိုင်းတော့ `အထွေထွေကုဆရာဝန်နဲ့ ပြနေတာ မသက်သာလို့` ဆိုတာတွေကြားဖူးတော့ `အထူးကုဆရာဝန်` ဆိုတာက အထွေထွေကု ဆရာဝန်ပြီးလျှင် ဒုတိယရွေးချယ်မှု ဖြစ်လာတာ ဂုဏ်ယူစရာ။ ကိုယ့်ကိုယ်ကိုယ်ပင် နာမည်လှလှလေး ပေးထားသည်။ `ဂေါ်မုတ္တ၏ ဒုတိယလူ`ဟု။

စိုးရိမ်စရာ မဟုတ်တာကို စိုးရိမ်တတ်သူတွေအတွက်တော့ ဤဆောင်းပါးရှည်ကြီးကို ဆက်ရဦးမည်။ တကယ်တမ်းကျတော့ အများဆုံး တွေ့ရတတ်သည့် စိုးရိမ်တတ်မှုက လည်ပင်း၊ နောက်စေ့၊ နားရွက် နောက်တို့တွင် အကျိတ်အဖုလေးများ စမ်းသပ်မိခြင်း ဖြစ်သည်။ ဒါက မရေးဖြစ်သေး။

၁။ လည်ပင်း၊ နောက်စေ့၊ နားရွက်နောက်တို့မှ မနာသော အကျိတ်အဖုလေးများ
ကလေးတီဘီရောဂါဖြစ်လျှင် လည်ပင်းမှာ အကျိတ်လေးများစမ်းမိတတ်သည်ဟု အများသိထားကြသည်။ မှန်လည်း မှန်ပါသည်။ သို့သော် လည်ပင်းမှာ အကျိတ်လေးများ စမ်းမိလျှင် တီဘီရောဂါရှိသည်ဟုတော့ ပုံသေနည်း ဆွဲ၍မရပါ။ အကျိတ်ဆိုတာ Lymph node ဖြစ်ပါသည်။ ခန္ဓာ ကိုယ် တစ်နေရာရာတွင် အကြောင်းတစ်ခုခုကြောင့် ရောင်ရမ်းမှုများ ရှိခဲ့ပါက ရောင်ရမ်းနေသည့် နေရာမှ `ပြန်ရည်` (Lymph) များကို ရေပုပ်စုပ်ထုတ်စက်သဖွယ် လာရောက်စုပ်ယူ သန့်ရှင်းပေးကြသည့် သန့်ရှင်းရေး လုပ်သားများဖြစ်ကြပါသည်။ အပြင်က သန့်ရှင်းရေးလုပ်သားများနှင့် မတူသည့် အချက်ကတော့ သူတို့က အလုပ်ပြီးလျှင် ပြန်မသွားတတ်ကြပါ။ နောက်ထပ် အလုပ်များ ထပ်ပေါ်မလားဟု ထိုင်စောင့်တတ်ကြပါသည်။ အလုပ်သေးသေး ပေါ်လည်း ထပ်လုပ်သည်။ အလုပ်ကြီးကြီးပေါ်လည်း ထပ်လုပ်သည်။ တစ်ခါ အလုပ်ပေါ်တိုင်း ပေါ်တိုင်း အရွယ်အစား နည်းနည်းကြီးလာကြသည်။ (အရည်စုပ်နေကြသည်ကိုး) ဘာအလုပ်မှ မရှိတော့သည်မှာ နှစ်နှင့်ချီ ကြာပြီး ကာမှ အနားယူသွားကြသည်။(ပြန်သေးသွားကြသည်)။ ထို့ကြောင့် အကျိတ်များ ကြီးနေတိုင်း ရောဂါဖြစ်နေဆဲတန်းလန်းဟု ယူဆ၍ မရ။ ရောဂါ ပျောက်ပြီးသားလည်း ဖြစ်နိုင်သည်။ အကျိတ်က ရောဂါမဟုတ်။ ရောဂါကို ကုသည့်စနစ်ဖြစ်သည်။

လည်ပင်း၊ နောက်စေ့၊ နားရွက်နောက်တို့တွင်ပေါ်သော အကျိတ်များက ဖြစ်နိုင်သည့်အကြောင်းရင်း များစွာရှိသည်။ ဦးခေါင်းနှင့် လည်ပင်းတွင်မိတ်ပေါက်တာကအစ ပြည်တည်အနာလေးများဖြစ်တာ၊ အာသီးရောင်တာ၊ လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေပေါက်တာ ကလေးများတွင် တစ်ခုမဟုတ်တစ်ခု အမြဲ ဖြစ်နေတတ်သော အကြောင်းရင်းများစွာ ရှိသည်။ ဒါတွေကြောင့်ပေါ်လျှင် အကျိတ်က ရက်ပိုင်းခန့်သာ ရောင်ပေမဲ့ ပြန်သေးသွားဖို့ကတော့ လအနည်းငယ်စောင့်ရမည်။ သည်အချိန်မှာ ကိုင်ကြည့်လျှင် နာမနာပေမဲ့ စမ်းလို့တော့ ရနိုင်သည်။ ဒီလိုကိစ္စလေးမျိုး တစ်ခုဖြစ်ပြီးလို့ အကျိတ်က ပြန်မသေးခင်မှာ နောက်တစ်ခုက ပေါ်လာပြန်သဖြင့် အကျိတ်က နှစ်နှင့်ချီ၍ စမ်းလို့ရနေတာမျိုးလည်း ရှိတတ်သည်။ ဖော်ပြခဲ့သလိုပင် အကျိတ်ကြီးနိုင်သည့် အကြောင်းရင်းတို့ကလည်း များပေတာကိုး။ သည်မှာ မိဘတွေက တီဘီဖြစ်ပြီဟု စိတ်ပူကြခြင်းဖြစ်ပေသည်။

တီဘီကျိတ်ကတော့ လည်ပင်းအောက်ဘက်ပိုင်း ညှပ်ရိုးအပေါ် နားတစ်ဝိုက်မှာ တွေ့ရတာများသည်။ များသော အားဖြင့် အထက်က ဖော်ပြခဲ့သောသာမန်အကျိတ်များဖြင့် ခွဲရခက်သည်။ အပြွတ်လိုက် အပြွတ်လိုက်ဖြစ်နေပြီး တစ်ခုနှင့်တစ်ခု ခွာမရအောင် ကပ်နေလျှင်တော့ တီဘီကျိတ်ဖြစ်ဖို့များသော်လည်း ရိုးရိုးအကျိတ်လေးများလို တစ်လုံးစ နှစ်လုံးစလည်း ဖြစ်နိုင်သည်။ နားရွက်နောက်၊ နောက်စေ့တို့မှ အကျိတ်များကတော့ တီဘီနှင့် သိပ်မဆိုင်။

ကလေးက တီဘီ၏ အခြားလက္ခဏာများဖြစ်သော တငွေ့ငွေ့ဖျားနေခြင်း၊ ခေါင်းချွေးများ ပြန်ပြန်နေခြင်း၊ ညနေပိုင်း အဖျားတက်ခြင်းတို့ ရက်ရှည်ဖြစ်နေပြီး အနီးအနားတွင်လည်း တီဘီရောဂါ မသင်္ကာဖွယ်ရာ လူကြီးတစ်ဦးဦး ရှိနေလျှင်တော့ ဒီအကျိတ်တွေက အရးကြီးနိုင်သည်။ ကလေးက သလိပ်လည်း စစ်လို့မရ၊ သွေးအဖြေကလည်း အမြဲမှန်နိုင်တော့ ကလေးအထူးကုဆရာဝန်များက ဓာတ်မှန်ရိုက်ကြည့်တတ်သည်။ ဒါတွေအားလုံး ပေါင်းစပ် တွက်ချက်ပြီး တီဘီဆေး တိုက်သည့်အခါလည်း ရှိမည်။ မတိုက်သည့်အခါလည်း ရှိမည်။

စိုးရိမ်သည့် ပြဿနာက သည်မှာ ရပ်တံ့မသွား။ တီဘီဆေး ၆ လ တိုက်နေတုန်းပဲဖြစ်ဖြစ်၊ ဖြစ်ပြီး ၆ လ၊ တစ်နှစ် ကြာသည်အထိပဲဖြစ်ဖြစ် လက်နှင့် ကိုင်ကြည့်၍ အကျိတ်များ ရှိနေသောလျှင် မိဘတို့ စိတ်မချမ်းသာ ဖြစ်ကြသည်။

“ဆရာ အကျိတ်တွေက ရှိနေတုန်းပဲ”

ခက်ပြီ။ အစမတည်းက အကျိတ်ပျောက်အောင် ဆေးတိုက်တာမှ မဟုတ်ဘဲ။ ပိုးသေအောင် ဆေးတိုက်နေတာ ဖြစ်သည်။အကျိတ်က ကိုယ့်ဘက်ကလူ။ ရောဂါကို ကူတိုက်ပေးနေသည့် မိတ်ဆွေမဟုတ်လား။ ဘာဖြစ်လို့ ပျောက်ချင်ရပါမည်လဲ။ အကျိတ်ရှိတုန်းက တီဘီကိုရှာခဲ့သည်က အကျိတ်ရှိသာကို မကြိုက်၍မှ မဟုတ်တာ။ ရောဂါ၏ ခြေရာဟု သတ်မှတ်၍ ရှာခဲ့သည်။ သားကောင်ကို တွေ့၍ သတ်နေချိန်၊ သတ်ပြီးချိန်မှာတော့ ခြေရာ မပျယ်သေးတာ ဘာအရးကြီးလို့လဲ။

ရှေ့ပိုင်းက ကျွန်တော်ရေးခဲ့သလိုပင် အကျိတ်တို့က အလုပ်ပြီးလျှင် ပြန်မသွားတတ်ကြပါ။ နောက်ထပ်အလုပ်များ ထပ်ပေါ်မလားဟု ထိုင့်စောင့်တတ်ကြပါသည်။ နောက်ဆက်တွဲ အလုပ်သေးသေးလေးတချို့ ပေါ်နေလျှင် နှစ်နှင့်ချီ၍ပင် နေတတ်ကြပါသည်။ အကျိတ်တွေ ဆက်စမ်းမိနေတိုင်း တီဘီရောဂါ မပျောက်သေးဟု မသတ်မှတ်နိုင်ပါ။
ဒီ့ထက်ဆိုးတဲ့၊ စိတ်ပူတတ်တဲ့ မိဘတွေ ရှိသေးသည်။ ဓာတ်မှန် စသည်ဖြင့် စစ်ဆေးကြည့်ပြီး ကလေးမှာ ဘာရောဂါမှ မရှိဟု ဆရာဝန်က မှတ်ချက်ချလျှင် ဝမ်းသာမသွားကြ။ ဆရာဝန်ရှင်းပြနေစဉ်မှာပင် လက်က ကလေးလည်ပင်းလေး တစမ်းစမ်းနှင့်။ `အကျိတ်တွေကတော့ ရှိနေတာပဲ ဆရာရဲ့` သူ့ကလေးမှာ ရောဂါမရှိတာတော့ လက်မခံနိုင်။ ဒီဆရာဝန် သေသေချာချာ မစမ်းဘူးထင်တယ်ဆိုသော အိုက်တင်နှင့်။
`အကျိတ်က ရောဂါမဟုတ်ဘူးအမေ။ အကျိတ်ဆိုတာ ရောဂါကိုတိုက်တဲ့ ဓာတ်တစ်မျိုးပဲ`
`ဘာရောဂါလဲ ဆရာ`
`အသေးအဖွဲကအစ အစုံရှိတာပေါ့။ မိတ် ခဏ ခဏပေါက်ရင်တောင် အကျိတ်ဆိုတာ ရှိနေတတ်တာမျိုး`
`ကျွန်မကလေးက မိတ်မှ မပေါက်ဘဲ`

ဇာတ်လမ်းက ရှေ့ဆုံးသို့ ပြန်လည်သွားပြန်သည်။ ရှင်း၍ပင် မဆုံးတော့။ ထိုရှင်းပြရလွန်းတာတွေကို သတိရ၍ပင် ဒီဆောင်းပါးကို ရေးဖြစ်ခြင်းဖြစ်သည်။ အကျိတ်ပျောက်ချင်တဲ့ မိဘများ နားလည်နိုင်ကြပါစေ။

၂။ သွေးကြောအထုံးလေးများ Strawberry Naevus (Capillary Haemangiome)
ကလေးငယ်များတွင် အရေပြားပေါ်၌ ကျယ်နေသော သွေးကြောမျှင်များ ထုံးဖွဲ့၍ အနီပြင် ဖြစ်နေနိုင်ခြင်း သုံးမျိုးရှိသည်။ ဒီသုံးမျိုးထဲမှာမှ အဖြစ်အများဆုံးက စတော်ဘယ်ရီသီး၏ မျက်နှာပြင်နှယ် အနီရင့်တချို့ နုတချို့နှင့် မညီမညာ ဗြုတ်ထနေသော သွေးကြောအထုံးလေးများက အဖြစ်အများဆုံးဖြစ်သည်။ မွေးမွေးချင်းတော့ သိပ်မသိသာ။ မွေးပြီးနောက် အသက်နှစ်လ လောက်ကျမှ ရိပ်တိပ်တိပ် စပေါ်လာတတ်သည်။ နောက်တော့ တဖြည်းဖြည်းကြီးလာမည်။ အသက် ၆ လခန့်တွင်တော့ အကြီးဆုံး အရွယ်အစားရောက်တတ်သည်။ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို တွေ့တတ်သည်။ မျက်နှာပေါ်တွင်ရှိနေလျှင်တော့ မိဘများ စိုးရိမ်တတ်ကြသည်။ အထူးသဖြင့် မိန်းကလေးဆိုလျှင်ပေါ့။ ကြီးလာလျှင် မလှမှာကို စိတ်ပူတတ်ကြသည်။

ဒီအဖုအကျိတ် အထုံးများက ခွဲစိတ်ထုတ်ပစ်၍လည်း ရသည်။ အကျိတ်ထဲက သွေးကြောများ ကျုံ့၍ ပိတ်သွားအောင် အကျိတ်ထဲကို sclerosing agent ခေါ် `ရှုံ့ဆေး` များ ထိုးတည့်၍လည်း ရသည်။ ခွဲစိတ်ဆရာဝန်များ ကျွမ်းကျင်စွာ လုပ်ပေးနေကျကိစ္စများ ဖြစ်သည်။ ဘာမှမလုပ်ဘဲ ထားတော့ရော။ ဘာမှမလုပ်ဘဲထားလျှင်လည်း သည် ` အထုံး`၏ သဘာဝက အသက်တစ်နှင် နောက်ပိုင်းက စပြီး တဖြည်းဖြည်း ပြန်ကျုံ့ဝင်သွားမည်။ နောက်အကျဆုံး အသက်ကိုးနှစ်ပေါ့။ အားလုံး ပျောက်သွားမည်။ ပျောက်သွားပြီးလျှင်လည်း အနာရွတ်ထင်ကျန်တာ မရှိ။ ပြန်ဖြစ်တာ မရှိ။ ဒါဆိုလျှင် ကုသမှုဘယ်တော့မှ မလိုတော့ဘူးလားဟု မေးစရာရှိသည်။ ပျောက်ရုံသက်သက်အတွက်တော့ မလိုပါ။ ရှိနေတုန်း ဒုက္ခပေးပေးနေရင်တော့ ရှင်းပစ်လိုက်တာ အကောင်းဆုံးပါဟု ဖြေရမည်သာ။

ရှိနေတုန်း ဒုက္ခပေးတတ်သည့် အထုံးများမှ
(က) မကြာခဏခိုက်မိ၊ သွေးထွက်၊ ပြည်တည်၊ အနာရင်း ဖြစ်နေသော သွေးကြောအထုံးများ။
(ခ) မျက်ခွံပေါ်တွင်ရှိသော သွေးကြောအထုံး။ (မခွဲစိတ်၊ မဖယ်ထုတ်ဘဲ ထားပါက မြင်ကွင်းကို ပိတ်ဆို့နေသည်မှာ ကြာသွားလျှင် မြင်လွှာ အားနည်းသွားတတ်သည်)
(ဂ) ခြေဖဝါးအောက်တွင်ရှိတွင်ရှိနေသော သွေးကြောအထုံး။ (လမ်းလျှောက် လေ့ကျင့်ရမည့် အရွယ်တွင် လမ်းမလျှောက်နိုင်ရာမှာ ကလေးဖွံဖြိုးတိုးတက်မှု နောက်ကျသွားတတ်သည်။)
(ဃ) ပေါင်ရင်းတွင်ရှိသော ကြီးမားသည့် သွေးကြောအထုံး။ (သွေးလည် ပတ်မှုကို သူရှိရာဘက်ခြမ်းသို့ ဘက်လိုက်ဆွဲခေါ်သွားတတ်သဖြင့် ခြေထောက်နှစ်ချောင်း ဖွံ့ဖြိုးကြီးထွားရာတွင် အထုံးရှိသော ဘက်ခြမ်းက မညီမညာပို၍ ရှည်ထွက်လာတတ်သည်) စသည်တို့ဖြစ်သည်။
ဘယ်သွေးကြောအထုံးက ခွဲစိတ်ရန်၊ ဆေးထိုးရန်လိုအပ်သည်။ ဘယ်သွေးကြောအထုံးက ဘာမှလုပ်စရာမလို ဆိုသည်ကို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မည်။ များသောအားဖြင့်တော့ ဘာမှ လုပ်စရာမလိုတတ်ကြပါ။

(၃) အလယ်ကောင်တွင် အချိုင့်သေးသေးလေး ပါသော အသီးလေးများ (Monllnscum Contagiosum)
အရွယ်အစားကတော့ ပင်အပ်ခေါင်းလောက်ကနေ မီးခြစ်ဆံခေါင်းလောက် အရွယ်အစား အတွင်းရှိမည်။ အတွဲလိုက် အပြွတ်ပြွတ်လည်းနေတတ်သည်။ သီးခြား ဟိုတစ်စက်၊ ဒီတစ်စက်လည်း ရှိတတ်သည်။ နီလည်း မနီ၊ နာလည်း မနာ။ ပွားတော့ ပွားလာတတ်သည်။ ကပ်ကြည့်လျှင်တော့ အလယ်ကောင်မှာ ချိုင့်ချိုင့်လေးတွေ့မည်။ Pox virus ခေါ် ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ခြင်းဖြစ်သည်။ ဒီဗိုင်းရပ်စ်၏ သဘောက သူ့ကိုသေအောင်သတ်လို့မရ။ သူကတော့ သူ့သက်တမ်းစေ့လျှင် သေသွားသည်။ ပွားနေတာကို ကြည့်တုန်းက စိတ်ပူစရာဟု ထင်ရသော်လည်း ဗိုင်းရပ်စ်သက်တမ်းစေ့၍ သေသွားတော့ အပွားရပ်သည်။ ပြီးတော့ ကြွေကုန်သည်။ အမာရွတ်လည်း မထင်။ အစအဆုံးကတော့ ၆ လမှ တစ်နှစ်ခန့်ကြာတတ်သည်။

အမှုမဲ့အမှတ်မဲ့ ထားမိသည့်မိဘများလည်း ရှိသလို ကိုယ့်ကလေး မလှမှာစိုး၍ ဆေးမြီးတိုမျိုးစုံ စမ်းကြည့်ကြသည့် မိဘများလည်း ရှိသည်။ ဆေးမြီးတိုက အခန့်မသင့်၍ အရေပြားကို လောင်သွားလျှင် အမာရွတ် ထင်တတ်သည်။ ဒီအစေ့လေးတွေ ဒီအတိုင်းထားလို့ ကြေသွားလျှင် အနာရွတ်မထင်။ ဒီတော့ ထိုင်စောင့်တာ အကောင်းဆုံး။ ၆ လကြာကြာ၊ တစ်နှစ်ကြာကြာပေါ့။ ချက်ချင်းပျောက်ချင်လျှင်တော့ ခွဲစိတ်ဆရာဝန်က ခွဲစိတ်ခန်းထဲတွင် လျှပ်စစ်အပ်ဖြင့် တစ်လုံးချင်း ရှို့ပေး၍ ရသည်။ လူကြီးလိုတော့ ငြိမ်ငြိမ်ခံမှာမဟုတ်။ ကလေးရုန်းမည်စိုး၍ မေ့ဆေးက ပေးရမည်။ သူ့ဟာသူနေလည်း ပျောက်မည့်အရာကို ချက်ချင်းလှချင်တာတစ်ခုတည်းနှင့် ထိုသို့လုပ်ရမှာ ကျွန်တော်ကတော့ တန်သည်ဟု မထင်။ ကြွက်နို့နှင့်ပင်ယှဉ်၍ စဉ်းစားကြည့်ကြပါစို့။ ကြွက်နို့လည်း ဒီဗိုင်းရပ်စ်ကြောင့်ပဲ ဖြစ်တာပင်။ ကြွက်နို့ကျတော့ အပြွတ်လိုက်ဖြစ်ပြီး အရွယ်အစားကြီးတော့ လူသိပိုများသည်။ ကြွက်နို့လည်း သုံးလိုက်ကြသည့် ဆေးမြီးတိုတွေကို စုံလို့။ ပလက်စတာကပ်ရတာက တစ်မျိုး၊ လိမ်းရတာ ကတစ်မျိုး။ လမ်းဘေးတွင် မသန့်မပြန့်တွေ၊ ဓားတွေနှင့် `သမ`မည့် ပုဂ္ဂိုလ်ထံ ကိုယ့်လက်ကိုယ့်ခြေ သွားအပ်သည်အထိ အသိညဏ်ထုံထိုင်းသူတို့လည်း ရှိသည်။ ဘယ်တုန်းကများ ပျောက်ဖူးပါသလဲ။

အချိန်တန်လျှင် ပြန်ထွက်လာသည်သာ။ သို့သော် တစ်သက်လုံး ကြွက်နို့နှင့် နေရသူ ဘယ်သူရှိလို့လဲ။ နောက်တော့လည်း ဗိုင်းရပ်စ် သက်တမ်းစေ့တော့ ပျောက်သွားသည်သာ။ သည်အချိန်မှာ `ကြွက်နို့ မန်းတတ်တဲ့သူ `နှင့် တွေလိုက်လို့ ကတော့ ထို `မန်းဆရာ` အခြောက်တိုက် နာမည်ကြီးပြီးသာမှတ်။

Molluscum Contagiosum လေးတွေကလည်း ဒီဗိုင်းရပ်စ်ကြောင့် ပင်ဖြစ်သည့် ဒီအုပ်စုဝင် ပြဿနာသာ ဖြစ်ပါသည်။ ဘာမှ လုပ်ရန် မလိုပါ။ ရင်သွေးတို့ အဖု၊ အကျိတ်၊ အထုံး၊ ပြဿနာနည်းကြပါစေ။

ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)

Credit To : perfectmagazine


Actions

Information

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s




%d bloggers like this: